၁။ ရာသီတုပ်ကွေးရောဂါ (H1 N1)ဆိုတာ ဘာလဲ?

ရာသီတုပ်ကွေးရောဂါ ဆိုသည်မှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ အလွယ် တကူ ကူးစက်စေနိုင်ပြီး Influenza virus ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ရာသီတုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးအမျိုး အစား (၃) မျိုး၊  (Type A, B, C) ရှိပြီး ၊ ယခုနှစ် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှု ဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲတစ်ခုဖြစ်သည့် Subtype A(H1N1)pdm09 ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။

၂။ Seasonal Influenza A(H1N1)pdm09 ဆိုတာ ဘာလဲ?

Seasonal Influenza A(H1N1)pdm09 Strain သည် မြောက်အမေရိကတိုက်၌ (၂၀၀၉) ခုနှစ်၊ ဧပြီလမှ စတင်ကူးစက်၍ တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC) အဖြစ် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့၌ ကြေညာခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ နှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် Seasonal Influenza A(H1N1)pdm09 သည် လူများအကြား လွယ်ကူစွာ ကူးစက်စေနိုင် သော်လည်း ပြင်းထန်မှုနှင့် သေဆုံးမှုနည်းပါးသောကြောင့် ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ PHEIC အဖြစ်မှ (၂၀၁၀) ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ Seasonal Influenza A(H1N1)pdm09 ဗိုင်းရပ်စ်ပိုးသည် (၂၀၁၀) ခုနှစ် မှစ၍ ကမ္ဘာ့ကပ်ရောဂါအသွင် ဆက်လက်ဖြစ်ပွားခြင်းမရှိတော့ဘဲ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ လူများအကြား ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza) ကူးစက်မှုအသွင် အဖြစ်သာ ဆက်လက်ရှိနေခဲ့ပါသည်။

၃။ ရာသီတုပ်ကွေးရောဂါ ဘယ်လို ကူးစက်နိုင်ပါသလဲ?

အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ ထွက်ပေါ်လာ သောအစက်အမှုန် (Droplets) များသည် (၆) ပေခန့်အထိကူးစက် ပျံ့နှံ့နိုင်ပြီး၊ ၎င်းအစက်အမှုန် (Droplets) များကို တိုက်ရိုက်ရှုသွင်း မိရာမှလည်းကောင်း၊ ၎င်းအစက်အမှုန် (Droplets) များ တင်ကျန် ကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်မိသော လက်မှတစ်ဆင့် လည်းကောင်း ရောဂါကူးစက်ခံရနိုင်ပါသည်။ ရောဂါပျိုးချိန်မှာ (၁) ရက်မှ (၄) ရက်ခန့်အထိ ဖြစ်ပြီး ရောဂါလက္ခဏာမပြမီ (၁) ရက်မှစတင်၍ ရောဂါလက္ခဏာ စတင် ခံစားရပြီးနောက် (၇) ရက်အထိ အခြားလူများသို့ ရောဂါကူးစက် ပြန့်ပွားစေနိုင်ပါသည်။

၎။ ရာသီတုပ်ကွေးရောဂါလက္ခဏာတွေက ဘာတွေလဲ?

(က) ရောဂါလက္ခဏာများအနေဖြင့် -
• ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အထက်)
• နှာရည်ယိုခြင်း၊ နှာချေခြင်း၊
• ချောင်းခြောက်ဆိုးခြင်း၊
• လည်ချောင်းနာခြင်း၊
• ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း။

(ခ) ရောဂါပြင်းထန်လာလျှင် အောက်ပါလက္ခဏာများဖြစ်သော -
• အဖျားကြီးလွန်းခြင်း၊
• ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊
• ပင်ပန်းနွမ်းနယ်ခြင်း၊
• အသက်ရှုကြပ်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အသက်ရှုနှုန်းမြန်ဆန်ခြင်း၊
• ဂနာမငြိမ်ဖြစ်ခြင်း၊
• သတိလစ်ခြင်း စသည်တို့ ခံစားရနိုင်ပါသည်။

ရောဂါကူးစက်ခံရသူအများစုမှာ ဖျားခြင်း အပါအဝင် မပြင်း ထန်သည့်ရောဂါလက္ခဏာများကို တစ်ပတ်အထိ ခံစားရနိုင်ပြီး ကုသမှုခံယူစရာမလိုဘဲ သက်သာ ပျောက်ကင်းသွားတတ်ပါ သည်။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီး ရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ ခုခံအား ကျဆင်းမှု ရှိသူများတွင် ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင် နမိုးနီးယားရောဂါ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မား ပါသည်။

၅။ ရာသီတုပ်ကွေးရောဂါဖြစ်သူတိုင်း ဤရောဂါပိုးအား စစ်ဆေးရန် လိုအပ်ပါသလား?

ရာသီတုပ်ကွေးရောဂါဖြစ်လျှင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ပြသရန် လိုအပ်ပါသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုအပ်ပါက ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၆။ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရန် မည်သည့်အချက် များကို လိုက်နာဆောင်ရွက်သင့်ပါသလဲ?

ပြည်သူများ တစ်ဦးချင်းအနေဖြင့် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါသည်။

(၁) အဓိကလိုက်နာရမည့် အချက်များ
• လက်ကို ဆပ်ပြာနှင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊
• နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊
• သို့မဟုတ် လက်မောင်း၊ တံတောင်ဆစ်ဖြင့် ဖုံးအုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊
• လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွား ရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(၂) အခြားလိုက်နာရမည့် အချက်များ
• တစ်ကိုယ်ရေသန့်ရှင်းမှုကိုအထူးဂရုပြုဆောင်ရွက်ခြင်း၊
• ကောင်းစွာအိပ်စက်အနားယူခြင်း၊
• အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊
• ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊
• လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
• အရက်လွန်ကဲစွာသောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲ ခြင်းမှ ရှောင်ကြဉ်ခြင်း၊
• ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊
• ရောဂါမကူးစက်စေရန် နှာချေ၊ ချောင်းဆိုးဖြစ်သူများသည် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ဖုံးအုပ်သည့် ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုခြင်း၊
• ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
• လူထူထပ်သော နေရာများ၊ ပွဲလမ်းသဘင်များနှင့် ဆေးရုံ၊ ဆေးခန်းများသို့ မဖြစ်မနေ သွားရောက်ရသည့်အခါ ပါးစပ်နှာခေါင်း စည်းအား စနစ်တကျအသုံးပြုခြင်း၊
• မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူရန်နှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့်အချိန်မှ စတင်၍ နောက် (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ရန် လိုအပ် ပါသည်။

၇။ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် ရောဂါမဖြစ်ပွားစေရန် မည်သို့နေထိုင် ဆောင်ရွက်သင့်ပါသနည်း?

အထက်ဖော်ပြပါကြိုတင်ကာကွယ်မှုအား တစ်ဦးချင်းအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အပြင် -

• အဆောက်အဦများ လေဝင်လေထွက်ကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်း၊
• ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊
• အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊
• စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေး ရိပ်သာ နှင့် ဂေဟာများတွင် နေထိုင်သူများအားလုံး၏ ကျန်းမာရေး ကို စောင့်ကြပ်ကြည့်ရှုခြင်း၊
• တစ်ဦးဦးတွင်  တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ် ပြီး စောလျင်စွာကုသမှုခံယူခြင်း။

၈။ ရောဂါဖြစ်ပွားလျှင် ကုသရေးအတွက် ဆေးဝါး ရှိပါသလား?

လိုအပ်ပါက လူနာအား Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်ပါသည်။

ရာသီတုပ်ကွေးရောဂါကို ဆောလျင်စွာ တွေ့ရှိကုသလျှင် ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ကာကွယ်နိုင်ပါသည်။ မိမိတွင် တုပ်ကွေးရောဂါ လက္ခဏာများဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ/ ဆေးခန်းတို့တွင် အမြန်ဆုံးသတင်းပေးပို့၍ ကုသမှုခံယူပါ။

ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
နေပြည်တော်

ဖုန်း - ၀၆၇-၄၃၁၄၃၂၊ ၄၃၁၄၃၃၊ ဖက်စ် - ၀၆၇-၄၃၁၄၃၄

----------------------------------------

Credit... Myanmar CDC

Comments

Popular posts from this blog